
ကွန်ပျူတာနည်းပညာတီထွင်ဖန်တီးမှုနယ်ပယ်တွင် အသုံးပြုနေသော ပရိုဂရမ်မာ (programmer) ၊ ဒပလော့ပါ (developer) ဟူသော အခေါ်အဝေါ် အသုံးအနှုံးများသည် ဆင်တူသည်ဟုထင်ရသော်လည်း အနည်းငယ်ကွာခြားမှု ရှိသည်။
ပရိုဂရမ်ရေးသူ (programmer) တွေသည် ၄င်းတို့ကျွမ်းကျင်သည့် ပရိုဂရမ်းမင်းကုတ် (programming source code) ကို အသုံးပြုပြီး ရည်ရွယ်ဖန်တီးလိုသည့် ဆော့ဖ်ဝဲ (software) တစ်ခု အားနည်းချက်ကင်စွာ၊ အမှားကင်းရှင်စွာ ရရှိရေးအတွက် ကုတ် (programming source code) ရေးသားခြင်း၊ စမ်းသပ်ခြင်း၊ အမှားရှာခြင်း၊ အားနည်းချက်ရှာခြင်းနှင့် ထိမ်းသိမ်းခြင်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်သည်။
ထို့အပြင် အသုံးပြုသော ပရိုဂရမ်းမင်းဘာသာရပ် (programming language) များ၏ စနစ်၊ လိုက်နာအသုံးပြုရမည့် နည်းဥပဒေများကို အထူးတတ်သိနားလည်ကြသည်။
ဒပလော့ပါ (developer) တစ်ယောက်သည် ဆော့ဖ်ဝဲစနစ်တစ်ခုဖန်တီးရန်အတွက် စတင်အစီအစဉ်ရေးဆွဲခြင်းမှသည် နောက်ဆုံးအဆင့် အချောသပ်ဖန်တီးခြင်း အထိ နယ်ပယ်ကျယ်ကျယ် ပါဝင်လုပ်ဆောင်သည်။ ပုံမှန်အားဖြင့် ဒပလော့ပါ (developer) သည် ဆော့ဖ်ဝဲစနစ်တွင်ပါဝင်သော အမြင်ပိုင်အပြင်အဆင် (user interface UI)၊ အချက်အလက်သိမ်းဆည်းခြင်းနည်းပညာ (database)၊ အသုံးပြုဖန်တီးမည့်နည်းပညာ (development technologies) နှင့် ပရိုဂရမ်းမင်းဘာသာရပ် (programming language) စသည့်နည်းပညာဆိုင်ရာများ ကျွမ်းကျင်ကြသည်။ လိုအပ်လျှင်လည်း ဆော့ဖ်ဝဲ့စနစ်တစ်ခုဖန်တီးမှုလုပ်ငန်းစဉ်ကို လည်းစီမံနိုင်ကြသည်။